မြဝတီ ဧပြီ ၂၄
မြဝတီမြို့ရှိ မြန်မာ- ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း) မုခ်ဦးတွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ် ခန့်က မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အအုံ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြဝတီမြို့မ ရဲစခန်းမှ ဒုရဲအုပ် ရဲဝင်းနိုင် ဦးစီးသောအဖွဲ့က ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် မြဝတီ မြို့တွင်းဘက်မှ အမှတ် (၁) ချစ်ကြည်ရေး တံတားဘက်သို့ ဦးတည်လျက် ချစ်ကြည်ရေး တံတားထိပ် (မြန်မာဘက်ခြမ်း) ဝင်းတံခါးအား ယာဉ်အမျိုးအစား စိစစ်ဆဲ (ယာဉ်မောင်းမပါ) ဖြင့် ဝင်ရောက်တိုက်ခိုက်ကာ အဆိုပါ ယာဉ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေ သော ဒုရဲအုပ် ရဲဝင်းနိုင်တွင် ယာနားထင်၊ နဖူးတို့တွင် မီးလောင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ နာကျင်ဒဏ်ရာ၊ ဝဲယာလက်ဖမိုး၊ လက်ဖဝါး၊ တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲယာလက်ဖျံမီးလောင်ဒဏ်ရာ၊ ဝဲယာ ဒူးပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ရဲဒုတပ်ကြပ် ဝင်းသိန်းဦးတွင် ဝဲလက်ဖျံ တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တို့ ရရှိခဲ့သဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ယာဉ်အမျိုးအစား (စိစစ်ဆဲ)မှာ ယာဉ်တစ်စီးလုံး မီးလောင် ပျက်စီးသွားကာ တံတားဘေး အနီးရပ်ထားသော ယာဉ်တစ်စီး မီးလောင်ပျက်စီးသွားခဲ့သဖြင့် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်း သတ်ခဲ့သည်။ ချစ်ကြည်ရေး တံတား (၁) အဝင် တံခါးအဆောက်အအုံအမိုး၊ လဝက စစ်ဆေးရေးရုံး အဆောက်အအုံ တို့ ပျက်စီးသွားခဲ့ကာ တံတားဝဲဘက်ခြမ်းရှိ နေအိမ်အဆောက်အအုံ ပြတင်းတံခါးမှန်များ ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိပြီး ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူအား ဖမ်းဆီးရမိရေးအတွက် အပူတပြင်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ထိန်လင်းအောင်
