မြဝတီ ဧပြီ ၂၄

မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း) မုခ်ဦးတွင် ဧပြီ ၂၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦး ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲဝင်းနိုင် ဦးစီးသောအဖွဲ့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် မြဝတီမြို့တွင်းဘက်မှ အမှတ်(၁) ချစ်ကြည်ရေးတံတားဘက်သို့ ဦးတည်လျက် ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း) ဝန်းတံခါးအား ယာဉ်အမျိုးစားစိစစ်ဆဲ (ယာဉ်မောင်းမပါ) ဖြင့် ဝင်ရောက်တိုက်ခိုက်ကာ အဆိုပါယာဉ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဒုရဲအုပ် ရဲဝင်းနိုင်တွင် မီးလောင်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ရဲဒုတပ်ကြပ် ဝင်းသိန်းဦးတွင် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တို့ ရရှိသွားခဲ့သဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါ ပေါက်ကွဲမှုကြောင့် ယာဉ်အမျိုးအစား(စိစစ်ဆဲ)မှာ ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး တံတားဘေးအနီးရပ်ထားသော ယာဉ်တစ်စီး မီးလောင်ပျက်စီးသွားခဲ့သဖြင့် မီးသတ်ယာဉ်(၂)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ ချစ်ကြည်ရေးတံတား(၁) အဝင်တံခါး အဆောက်အဦအမိုး၊ လ.ဝ.က စစ်ဆေးရေးရုံး အဆောက်အဦတို့ ပျက်စီးသွားခဲ့ကာ တံတားဝဲဘက်ခြမ်းရှိ နေအိမ်အဆောက်အဦ တံခါးမှန်များ ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စိစစ်ဆဲဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိပြီး ယာဉ်ဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိန်လင်းအောင်