မြဝတီ   ၂၉  ဇွန်

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပါဝင် ဆောင်ရွက်ခဲ့သော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား၊ BCF ဇုန်အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

 

အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထားသော ဂုဏ်ပြုမှတ်တမ်းလွှာများဖြစ်သည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြဝတီခရိုင်လူ မှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် တာဝန်ရှိသူများက စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

မြဝတီမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်ခဲ့သော အသင်းအဖွဲ့ ၁၅ ဖွဲ့ရှိပြီး စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်သူ ၂၁၈ ဦးရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)