မြဝတီ ဇူလိုင် ၈
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ဇွန် ၂၁ ရက်မှ ဇူလိုင် ၇ ရက်အထိ ၅၅၀ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာနှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေးလျက်ရှိကာ အထူးကြပ်မတ်ကုသရန်လိုအပ်သည့် လူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ဇူလိုင် ၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အသစ် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၃၄ ဦးတွေ့ရှိကာ လျက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အမျိုးသား ၂၁၀ ဦး၊ အမျိုးသမီး ၂၃၀ ဦး စုစုပေါင်း ၄၄၀ တို့အား ကန့်သတ်စောင့်ကြည့် ကုသလျက်ရှိကြောင်း၊ ဇွန် ၆ ရက်မှ ဇူလိုင် ၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ အမျိုးသား ၂၆၃ ဦး၊ အမျိုးသမီး ၂၈၇ ဦး စုစုပေါင်း ၅၅၀ ဦးထိရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုများ များလာသဖြင့် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေးခြင်း၊ အခြေခံပညာကျောင်းများအား နှစ်ပတ်ပိတ်ထားခြင်း၊ လူစည်ကားရာ နေရာများတွင် Mask များ အခမဲ့ပေးဝေခြင်းနှင့် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်


