မြဝတီ ၁၂  စက်တင်ဘာ 
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မင်းလက်ပံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်း ပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက ဒီမိုကရေစီခေတ်တွင် အစိုးရနှင့် ပြည်သူများအကြား ဆွေးနွေးတိုင်ပင်နိုင်ရန်၊ ပြည်သူတို့၏ ဘဝဖြတ်သန်းမှု အကြောင်းကိစ္စများ ဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ လူထု၏ စဉ်စားတွေး ခေါ်မှု မြင့်မားလာစေရန်နှင့် အဖွဲ့အစည်းအတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ လေ့ကျင့် ပေးရန် စသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေး ကြသူများဖြစ်သည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးညွန့်၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲ မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူထိုက်၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ တင့်လွင်၊  ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ထွန်းဝင်းတို့က စွမ်းအင်ချွေတာသုံးစွဲခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝဘေးအန္တရာယ်များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်လျက်ရှိခြင်းများကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)

mdn