မြဝတီ  ၂၁  ဇန်နဝါရီ

ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာဟောပြောပွဲခြင်းနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် မြဝတီမြို့ အထက(၃)တွင် ပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြေားကြားပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူထိုက်က ငလျင်နှင့်ပတ်သတ်သည့် မှတ်သတ်စရာ ဗဟုသုတများ၊ ရှောင်ရှားမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင် ယာယီမီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကိုကိုဦးက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများမှ မှတ်သားစရာ ဗဟုသုတများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ ခရိုင် ယာယီမီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကိုကိုဦး၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်မီးသတ်တပ်ဖွဲ့များနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)