မြဝတီ ၁၂ ဧပြီ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစား သောက်ကုန် (၅) မျိုးအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ တတိယနေ့အဖြစ် အိမ်ထောင်စု ၁၁၅၀ စုအား ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြသည်။
အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅) မျိုးဖြစ်သော ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ဆား (၅၀) ကျပ်သား၊ ကြက်သွန်နီ (၁) ပိဿာတို့ ပါဝင်ပြီး ပထမဦးစားပေး စာရင်းအရ ဖြန့်ဝေပေးနေခြင်းဖြစ်သည်။
မြဝတီမြို့နယ်အနေဖြင့် ပထမနေ့က အိမ်ထောင်စု ၂၀၀၊ ဒုတိယနေ့တွင် အိမ်ထောင်စု ၁၁၅၀ နှင့် ယနေ့ တတိယနေ့ အဖြစ် ၁၁၅၀ အား ဆက်လက်ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


