မြဝတီ ၁၅ ဧပြီ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား ဧပြီလ ၁၀ ရက်နေ့မှစတင်ပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ ဧပြီလ ၁၅ နေ့ တွင် အိမ်ထောင်စု ၃၅၀ဝ စုအား ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ က မြဝတီမြို့ မဲ့ထော်သလေးကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု ၈၄၈ စုအား ဖြန့်ဝေပေးခြင်းဖြစ်သည်။
အလားတူ မြဝတီမြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်တွင် အိမ်ထောင်စု ၁၃၀ဝ စု၊ အမှတ်(၄)ရပ်ကွက်တွင် အိမ်ထောင်စု ၁၃၅၂ စု တို့အားလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် ဖြန့်ဝေပေးခဲ့သည်။ ထိုသို့ဖြန့်ဝေရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံ စားသောက်ကုန် (၅) မျိုးဖြစ်သော ဆန် (၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာတို့ပါဝင်ပြီး ပထမဦးစားပေးစာရင်းအရ ဖြန့်ဝေပေး နေခြင်းဖြစ်သည်။
မြဝတီမြို့နယ်အနေဖြင့် ဧပြီလ ၁၀ ရက်နေ့က အိမ်ထောင်စု ၂၀ဝ စု၊ ၁၁ ရက်နေ့က အိမ်ထောင်စု ၁၁၅၀ စု ၊ ၁၂ ရက်နေ့က ၁၁၀ဝ စု ၊ ၁၃ ရက်နေ့က အိမ်ထောင်စု ၅၀ဝ စု၊ ၁၄ ရက်နေ့က အိမ်ထောင်စု ၂၅၀ဝစု နှင့် ယနေ့ ၁၅ ရက်နေ့အဖြစ် အိမ်ထောင်စု ၃၅၀ဝ စုအား ဆက်လက်ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)