mdn

မြဝတီ ဩဂုတ် ၉


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင် ရွက်ရှိရာ ယနေ့နံနက်(၈) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်းကားရာ နေရာ များတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။
 
ထို့သို့  အသိပေးနှိုးဆော်မှုများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည်  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန် လည်ရောက်ရှိနိုင်ရေးအတွက် ၇.၈.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၂၂၄/၂၀၂၁ဖြင့် ၂၀၂၁ခုနှစ်သြဂုတ် လ(၉)ရက်နေ့မှ သြဂုတ်လ(၁၅)ရက်နေ့အထိအားတစ်ဆက်တည်းအများပြည်သူအလုပ်ပိတ် ရက်အဖြစ်တိုးမြှင့် သတ်မှတ်ကြေညာခဲ့ပြီး အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့နေ အိမ်(သို့မဟုတ်)အဆောင်များတွင်သာနေ ထိုင်ရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံ စားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။

ထို့ပြင် အသိပညာပေးလိုက်လံနှိုးဆော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကု သထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြဝတီမြို့ တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်စုရပ်(၇)နေရာနှင့် ကျေးရွာများ တွင်   ဦးစားပေး အုပ်စုများ အလိုက်ထိုးနှံပေး လျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိ သည့်မိဘပြည် သူများ ကိုလည်း ရရှိသည့် ဆေးများ ကုန်ဆုံးသည့်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စသည့်အချက်များကို လည်း အသိပညာပေးလိုက်လံနှိုးဆော်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်နှင့်  ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က နံနက်(၈)နာရီတွင် တစ်ကြိမ်၊ ညနေ(၃)နာရီ အချိန်တွင် တစ်ကြိမ် စုစုပေါင်း တစ်နေ့ကို နှစ်ကြိမ်ဖြင့် နေ့စဉ် အသိပညာပေးလိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။ 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)