မြဝတီ အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊ပိုးကရင်ဘာသာတို့ဖြင့် ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော်ပေးခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များ ဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ် ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာသွားရမည့် ကိစ္စရပ်များပေါ်ပေါက်လာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များကို လိုက်လံနှိုးဆော်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး နှိုးဆော်လျက်ရှိ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)