မြဝတီ မတ် ၁၆

 

ကရင်ပြည်နယ် မြဝတီမြို့ ရွှေမြင်းဝန်စေတီတော် သာသနာ့ ဟိတကာရီ ဗိမာန်၌ ယနေ့နံနက်ပိုင်းက မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ကရင်ပြည်နယ် သာသနာနုဂ္ဂဟအသင်းနှင့် စေတနာရှင်ဒါယကာ/ဒါယိကာမများစုပေါင်း၍ ၂၀၂၆ခုနှစ် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး သုံးပါးတို့အား ချီးမြှောက်ပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာ”ပွဲ အခမ်းအနား ကျင်းပသည်။

 

အခမ်းအနားတွင် မြဝတီခရိုင်သာသနာရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်ဝင်းက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ခဲ့သည်။ ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးသုံးပါးတို့အား ထပ်ဆင့် ဂုဏ်ပြုပူဇော်ခဲ့ကြရာ သီရိရတနာသက်လွတ်ကျောင်းမှ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ရရှိခဲ့သည့် ဆရာတော် ဘဒ္ဒန္တအာသီသကို ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းကလည်းကောင်း၊ ဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက် မှ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ရရှိခဲ့သည့် ဆရာတော် ဘဒ္ဒန္တဓမ္မပါလ ကို ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးစောမုတ်သုန်က လည်းကောင်း၊ ထေရဝါဒဗောဓိရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္တ ဓမ္မဒဿီကို ကမ္မဋ္ဌာနာစရိယဘွဲ့တော်အား မြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင် ကလည်းကောင်း ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြပြီး ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို အလှူရှင် ဒါယကာ/ဒါယိကာမများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)