မြဝတီ မေ ၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း နေ့စဉ်သွားလာနေကြသည့် မော်တော်ဆိုင်ကယ်များ၊ မော်တော် ယာဉ်များ စည်းကမ်းရှိစွာဖြင့် စနစ်တကျ မောင်းနှင်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ် အသိပညာပေးခြင်းကို မေ ၅ ညနေပိုင်းက မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂျက်ကူးမားနှင့် ပူးပေါင်းအဖွဲ့များက မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များအား ယာဉ်မောင်း လိုင်စင်စစ်ဆေးခြင်း၊ ၂၀၂၀ ပြည့်နှစ် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများအရ ယာဉ်မောင်းနေစဉ် လိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ယာဉ် မောင်းနှင်ရာတွင် အသက်ကယ်ထိုင်ခုံခါးပတ်ကို တပ်ဆင်ခြင်းမပြုဘဲ မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်ဦးထုပ်ကို စနစ်တကျဆောင်းရန်၊ ဖုန်းပြောခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ကြရန်၊ ဆိုင်ကယ်စီးနှင်းပါက နှစ်ဦးထက်ပို၍ စီးနှင်းခြင်းမပြုရန်၊ လမ်းသွား၊ လမ်းလာပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး ဂရုတစိုက် မောင်းနှင်ကြရန်နှင့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)