မြဝတီ ၂၁   ဇွန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်  အင်ကြင်းမြိုင်ကျေးရွာ ပြည်သူများအတွက် အကျိုးပြုစေမည့် ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ အရှည် ၂၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိသည့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုလုပ်ငန်းဆောင်ရွက်နေမှုများအား ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာစိစစ် အကြံပြုရေး ကော်မတီ(ဥက္ကဋ္ဌ)ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ကျေးရွာ တာဝန်ရှိသူများမှ  ယနေ့နေ့လယ် ၁ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က သတ်မှတ်ထားသည့် စံချိန်စံနှုန်းများအတိုင်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းအချိန်မီ ပြီးစီးနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားရန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အကြံပြုခဲ့သည်။

 

ထို့နောက် မြဝတီမြို့နယ်၊ မဲ့တော်သလေးကျွေးရွာ ရွာတွင်းလမ်းကွန်ကလစ်ခင်းခြင်းပြီးစီးမှု အခြေအနေနှင့် ရွာတွင်းလမ်းမီးတပ်ဆင်ခြင်း ပြီးစီးမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွာအတွင်း အမှိုက်ကင်းစင်ရေးအတွက်လည်း ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)