နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူကာ အထူးအလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေ များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများသည် n မြဝတီမြို့နယ်မှ
နယ်မြေခံ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းစစ်ဆင် ရေးအဖွဲ့များဖြင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့် တရားမဝင် ပြည်ပနိုင်ငံသားများ အခြေချ နေထိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အအုံများကို စနစ်တကျ ဖြိုချဖျက်ဆီးခြင်းနှင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကိုလည်း ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုသို့ တရားမဝင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ၁၄၈ ဦး၊ ထိုင်းနိုင်ငံသား သုံးဦး၊ ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးနှင့် ရုရှားနိုင်ငံသား တစ်ဦး စုစုပေါင်း ၁၅၆ ဦးတို့ကို RC ငါးထပ် အဆောက်အအုံ တစ်ခုအတွင်း၌ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် All In One ကွန်ပျူတာ အလုံး ၁၁၀၊ မိုဘိုင်းဖုန်း အလုံး ၂၂၀၀ နှင့် လုပ်ငန်းသုံးပစ္စည်းများကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပ နိုင်ငံသားများကို မြဝတီမြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိသည့် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာ ထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


