မြဝတီ ၁၇ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၌ ခေတ်မီဈေးသစ်ကြီးတစ်ခုကို မြဝတီ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် MGI ကုမ္ပဏီမှ တည်ဆောက် သွားမည်ဖြစ်ပြီး ဈေးသစ်ကြီးတည်ဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ လ ၁၆ ရက်နေ့ နံနက် ၈ နာရီက မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်တပ်မတော်ဆေးရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးသစ်ကြီးတည်ဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှဒုရဲမှူးကြီး သက်လင်းဦး၊ လဝကခရိုင်မှူး ဦးအောင်ခိုင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြဝတီစည်ပင်ကော်မတီဥက္ကဌ ဦးသန်းရွှေနှင့် တာဝန်ရှိ သူများက တက်ရောက်ခဲ့ကြရာ အသီးသီးပန္နက်တိုင်များကို ရိုက်ပေးခဲ့ကြပြီး ဈေးသစ်ကြီး တည်ဆောက်မည့်နေရာကိုလည်း ကြည့်ရှုခဲ့ ကြသည်။

ထို့နောက် MGI ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်စည်သူက ဈေးသစ်ကြီးကို ၁၄ လအတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ပြီး ဈေးသစ်ကြီးတွင် ဆိုင်းခန်းပေါင်း(၅၄၆)ခန်း ပါဝင်မည်ဟု ရှင်းလင်း ပြောကြားခဲ့သည်။ဈေးသစ်ကြီးကို ခေတ်မီဈေးသစ်ကြီးအဖြစ် CCTV နှင့်မီးငြှိမ်းသတ်သည့် System များ ထည့်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

