မြဝတီ  ၃၀  ဇန်နဝါရီ

 

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဆိုင်ကယ်တက္ကစီသမားများအား လုယက်မှု မခံရစေရေးအတွက် မှုခင်းအသိပညာပေးခြင်းကို ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

mdn

 

မြဝတီမြို့နယ်အတွင်းရှိ ဆိုင်ကယ်တက္ကစီဂိတ်များကို မှုခင်းကြိုတင်ကာကွယ်ရေးအတွက် လုယက်မှုနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် အခြေအနေများအပေါ် မူတည်၍ ရှောင်ရန် ဆောင်ရန် အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြဝတီမြို့မရဲ့စခန်းမှ တာဝန်ရှိသူများသည် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျလမ်းထောင့်ရှိ စစ်မှုထမ်းဟောင်း ဆိုင်ကယ်တက္ကစီဂိတ်တွင် လည်းကောင်း၊ အမှတ်(၄) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် သစ္စာလမ်းထောင့် ဘုရင့်နောင်ဈေးရှေ့ရှိ နောင်ရိုးတက္ကစီဂိတ်တွင် လည်းကောင်း၊ မေတ္တာလမ်းနှင့် ပြည်သာယာလမ်းထောင့်ရှိ ရွှေဝတီဆိုင်ကယ် တက္ကစီဂိတ်တွင်လည်းကောင်း မှုခင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းနှင့် အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များပါဝင်သော မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)