မြဝတီ ၁၇ စက်တင်ဘာ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း မိုးသည်းထွန်းစွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့စဉ်က စိုက်ခင်းများ ရေလွှမ်းမိုးမှုခံရသော တောင်သျူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အစေ့ထုတ်ပြောင်း မျိုးနှင့် မွေးမြူရေးအစာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့ သောင်ရင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းနိုင်က ထောက်ပံ့ပစ္စည်း ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းနိုင်၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးအိုက်ကျန်ခမ်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့က တောင်သူများအား အစေ့ထုတ်ပြောင်းနှင့် မွေးမြူ ရေးအစာများ ပေးအပ်ပြီး တောင်သူများကိုယ်စား တောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာ ရေလွှမ်းမိုးမှုခံရသော မြဝတီမြို့နယ်အတွင်းရှိ မဲ့ပလဲ့၊ ဝှေ့ရှမ်း၊ ပူလွဲပူ၊ မဲကနယ် ကျေးရွာများနှင့် စုကလိမြို့ရှိ တောင်သူများအတွက် ဖူးစားပြောင်းမျိုး ၅ ကီလိုအိတ် ၅ အိတ်၊ အစေ့ထုတ်ပြောင်းမျိုး ၅ ကီလိုအိတ် ၄၆၄ အိတ်၊ ကျွဲ၊နွားအစာအိတ် ၆၅ အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)


