မြဝတီ ၂၃ မေ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်စပ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်- ၂ တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းအနေဖြင့် ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ် ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုသွယ်နှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာလက္ခဏာများ၊ ရောဂါကူးစက်ပုံများ၊ အနုပညာရှင်များက အသိပညာပေး လှုံဆော်ချက်များနှင့် စနစ်တကျ လက်ဆေးနည်းများပါဝင်သည်။
အဆိုပါလက်ကမ်စာစောင်ပါ ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်းအချက်အလက်များအား ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား သိရှိစေပြီး စနစ်တကျလိုက်နာဆောင် ရွက်စေလိုသောရည်ရွယ်ချက်ဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


