မြဝတီ နိုဝင်ဘာ ၉

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ခြောက်လတာကာလအတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျောက်လုံးကြီး (မွေးမြူရေးဇုန်) ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာရှိ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေစိုးမှ အမှာစကား ပြောကြားပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင် ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျောက်လုံးကြီး (မွေးမြူရေးဇုန်) ကျေးရွာကို ၂၀၂၁-၂၀၂၂ ခု ခြောက်လတာကာလတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၊ လုပ်ငန်းလုပ်ကိုင်သူ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် ရန်ပုံငွေထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

ကျော်ဦး