မြဝတီ   ၂၆   စက်တင်ဘာ 

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၃၀/၆၆/၁၁ ကေဗီ၊ ၁၀ဝ အမိဗွီအေ မြဝတီပင်မဓါတ်အားခွဲရုံကို ၂၀၁၉ ခုနှစ်၊ မေလအတွင်းက ဖွင့်လှစ်ပေးနိုင်ခဲ့သော်လည်း နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အား တစ်မြို့လုံးအတိုင်းအတာ အနေဖြင့် သုံးစွဲနိုင်ရေး အပိုင်းလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လျှပ်စစ်မီးကိစ္စနှင့်ပတ်သက်ပြီး မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ် တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က မေးခွန်း မေးမြန်းရာ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၏ ဖြေကြားချက်အရ သိရှိရခြင်းဖြစ်သည်။

 

မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “၂၃၀/ ၆၆/ ၁၁ ကေဗွီ၊ ၁၀ဝ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံကို မြဝတီမြို့နယ်၊ သင်္ဃန်း ညီနောင်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မေလအတွင်းက ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ခြင်းလုပ်ငန်းကို မြဝတီမြို့နယ် မဲ့ထော်သလေးကျေးရွာ၊ မေတ္တာလင်းမြိုင် ကျေးရွာ၊ ဖလူးကြီးကျေးရွာ၊ မင်းလက်ပံကျေးရွာ၊ ဖလူးလေးကျေးရွာ၊ အင်ကြင်း မြိုင်ကျေးရွာရှိ ပြည်သူများ သုံးစွဲခွင့် မရရှိသေးသည့်အပေါ် မည်သည့်အချိန်မှ စတင်၍ သုံးစွဲခွင့်ရရှိမည်ကို သိရှိလိုပါကြောင်း ဖြင့် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်က  “မြဝတီမြို့ပေါ်ရပ်ကွက်များကို နိုင်ငံ တော်ဓါတ်အားစနစ်ဖြင့် မီးလင်းနိုင်ရေး အတွက် ထိုင်းနိုင်ငံဓါတ်အားစနစ်ဖြစ်သည့် ၂၂ / ဝ.၄ ကေဗွီ ထရန်စဖော်မာများ အစား နိုင်ငံတော်ဓါတ်အားစနစ်၏ ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာများဖြင့် အစားထိုးခြင်းနှင့် ဌာနမီတာ တပ်ဆင်ခြင်း လုပ်ငန်းများကို ကြိုတင်တပ်ဆင် ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းသို့ဖြန့်ဖြူးမည့် ၁၁ ကေဗွီဓါတ်အားလိုင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်လျက်ရှိပါသည်။ BCF ဇုန်အပိုင်းနှင့် အမှတ်(၅) (ဝါးစခင်း) ရပ်ကွက်သို့ ဆွဲသားမည့် ဓါတ်အားလိုင်းမှာ ( ၉ / ၂၀၁၉) လပိုင်းအကုန်တွင် ပြီးစီးရန် လျာထား ဆောင်ရွက်မည်ဖြစ်ပါသည်။

 

ကျန်မြို့တွင်းလိုင်းများမှာလည်း ( ၁၀ / ၂၀၁၉ ) လပိုင်းအကုန် တွင် ပြီးစီးရန် လျာထားဆောင်ရွက်မည်ဖြစ်ပါသည်။ ဓါတ်အားလိုင်းများပြီးစီး သည်နှင့် တစ်ပြိုင်နက် အပိုင်းလိုက်ဓါတ်အားပေးနိုင်ရေး စီမံချက်ရေးဆွဲကာ ဓါတ်အားဖြန့်ဖြူး ပေးသွား ရန် လျာထား ဆောင်ရွက်လျက်ရှိပါသည်။ ဆောင်ရွက်မည့် အစီအစဉ်များမှာ ပထမအ ဆင့်အနေဖြင့် သင်္ဃန်း ညီနောင် ကျေးရွာ ဝှေ့ရှမ်းကျေးရွာ၊ မဲ့ပလဲ့ကျေးရွာ၊ ဇရပ်ဖြူကုန်းကျေးရွာ ၊ မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာ၊ အေးသုခ ကျေးရွာ နှင့် ရွာသစ်ကျေးရွာ စုစုပေါင်းကျေးရွာ (၈) ရွာကို (၁၃.၇.၂၀၁၉) ရက်နေ့တွင် ဓါတ်အားဖြန့်ဖြူးပေးခဲ့ပါသည်။ ဒုတိယအဆင့် အနေဖြင့် အမှတ်(၄) မြေနီကုန်း ရပ်ကွက်ကို (၁.၉.၂၀၁၉) ရက်နေ့တွင် ဓါတ်အားဖြန့်ဖြူးပေးခဲ့ပါသည်။ တတိယအဆင့် အနေဖြင့် (၁၀.၁၀.၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်တွင်ပါသော မွေးမြူရေးဇုန်၊ ရေပူနှင့် ဝါးစခင်း အပိုင်းများကို ဓါတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။

 

စတုတ္ထ အဆင့်အနေဖြင့် (၅.၁၁.၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ အမှတ်(၄) နှင့် အမှတ် (၅) ရပ်ကွက်အတွင်းရှိ မြန်မာ့နန်း ရပ်ကွက်၊ အောင်မြေရွှေဘုံနှင့် တောရကျောင်း အပိုင်များသို့ စတင်ဓါတ်အားဖြန့်ဖြူး သွားမည်ဖြစ်ပါသည်။ ပဉ္စမအဆင့် အနေဖြင့် (၁၈.၁၁.၂၀၁၉) ရက်နေ့တွင် ဘုရင့်နောင်ဈေးတစ်ဝိုက်၊ ကျောက်လုံး ကြီး၊ စုပေါင်းရုံး၊ သစ်တောရုံး၊ မိကျောင်းကုန်းနှင့် အမှတ်(၃) ရပ်ကွက် (ညဈေး) အပိုင်းများသို့ ဓါတ်အား ဖြန့်ဖြူးသွားမည်ဖြစ်ပါသည်။ ဆဌမအဆင့်အနေဖြင့် (၂၅.၁၁.၂၀၁၉) ရက်နေ့တွင် အမှတ်(၅) ရပ်ကွက်၊ ကျွန်းတော ၊ ခေါက်မလိနှင့် မနော်ဟရီအပိုင်းများသို့ ဓါတ်အား ဖြန့်ဖြူးပေး သွားမည်ဖြစ်ပါသည်။ သတ္တမ အဆင့်အနေဖြင့် (၅.၁၂.၂၀၁၉) ရက်နေ့တွင် အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက် ကရင်စာပေနှင့် ရွှေမြဝတီဝင်းအပိုင်းများသို့ ဓါတ်အားဖြန့်ဖြူးပေး သွားမည်ဖြစ်ပါသည်။

 

မြို့ပေါ်ရပ်ကွက်များအား ဓါတ်အားဖြန့်ဖြူးရေးအဆင် ပြေစေရန်လိုအပ်သည်များ ထပ်မံဆောင် ရွက်ဖြည့် စွတ်ပြီးစီးသည်နှင့် အဌမ အဆင့်အနေဖြင့် မဲ့ထော်သလေးကျေးရွာ၊ မေတ္တာလင်းမြိုင်ကျေးရွာ၊ ဖလူးကြီးကျေးရွာ၊ မင်းလက်ပံကျေးရွာ၊ ဖလူးလေးကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာများ သို့ (၁၅.၃.၂၀၂၀) ရက်နေ့တွင် အပြီးသတ် ဓါတ်အား ဖြန့်ဖြူးသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)