၇ မေ

 

မြဝတီမြို့သစ်စီမံကိန်းမြေကွက်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချမည်ဖြစ်ကြောင်း  iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက မေ ၇ ရက်တွင် ပြောသည်။

 

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com မှ မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကို ၂၀၂၀ ခုနှစ် မေလ (၇) ရက်မှ မေလ (၂၁) ရက်အထိ (၂) ပတ်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

 

အွန်လိုင်း အိမ်ခြံမြေအရောင်းပြပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Steel Stone နှင့် Chit Linn Myaing ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်သည့် မြဝတီ မြို့သစ်စီမံကိန်း မြေကွက်များကို ရောင်းချသွားမည်ဖြစ်သည်။

 

အဆိုပါ မြဝတီ မြို့သစ်စီမံကိန်းမြေကွက်များမှ (၅) မိနစ်ခန့် ကားမောင်းရုံဖြင့် မြဝတီမြို့မဈေးသို့ ရောက်ရှိနိုင်ကြောင်း၊ ယခင်မြဝတီမြို့ရှိ ရပ်ကွက်ကြီး (၅) ၏အနီးတွင် ရပ်ကွက် (၆) နှင့် ရပ်ကွက် (၇) အဖြစ် ထပ်မံတိုးချဲ့ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြေအကျယ်အဝန်း ဧက  (၅၄၀) ကျော်ရှိကာ ကိုယ်ပိုင်ဂရန်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

"အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်နေချိန် အွန်လိုင်းပေါ်ကနေ အိမ်ခြံမြေတွေ အရောင်းအဝယ် ပြုလုပ်လို့ရအောင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com က မြန်မာ့အိမ်ခြံမြေလောက အရှိန်မပြတ်ဆက်လက် ကောင်းမွန်စေရန် စွန့်ဦးတီထွင်ပြီး လုပ်ဆောင်ပေး တာလည်းဖြစ်ပါတယ်။ စီမံကိန်းအကြောင်း ပြည့်ပြည့်စုံစုံကို အွန်လိုင်းပေါ်မှာ ကြည့်နိုင်မယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းကနေပဲ စာရင်းပေးသွင်းပြီး ဝယ်ယူနိုင်အောင်လို့ စီစဉ်ထားရှိပါတယ်။ " ဟု ဦးနေမင်းသူက ပြောသည်။

 

ထို့ပြင် အွန်လိုင်း အိမ်ခြံမြေအရောင်းပြပွဲအတွင်း ဝယ်ယူသူများသည် ဈေးနှုန်းအထူးသက်သာစွာ ဝယ်ယူနိုင်ခြင်း၊ စိတ်ဝင်စားကြေး အနည်းငယ်သာ ပေးသွင်းရန်လိုအပ်ခြင်း၊ Covid-19 ကာလပြီးဆုံးမှသာလျှင် အရောင်းအဝယ်စာချုပ်ချုပ်ရန် လိုအပ်ခြင်း၊ အကြောင်းတစုံတရာကြောင့် မဝယ်ယူဖြစ်ပါကလည်း စိတ်ဝင်စားကြေးကို 100% ပြန်ထုတ်နိုင်ခြင်း စသည့် အထူးအခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

"ဒီအချိန်မှာ ဘဏ်အတိုးနှုန်းတွေလည်း ကျဆင်းနေတော့ ဈေးကွက်ထဲမှာ အိမ်ခြံမြေ ဝယ်လိုသူတွေ ပိုများလာပါမယ်။  အဓိကကတော့ အဲ့ဒီဝယ်လိုသူတွေ risk ယူစရာမလိုဘဲ ဝယ်ရဲအောင် ကျွန်တော်တို့ iMyanmarHouse.com က ဝန်ဆောင်မှုပေးတာပါ။ နောက်တစ်ခုက အခုရောင်းချပေးမဲ့ စီမံကိန်းဟာ ဒီနှစ်ဆန်းပိုင်းမှာ ပထမဆုံးအရောင်းစတင်ဖွင့်ခဲ့ချိန်က အလွန်တရာ အရောင်းသွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ပြပွဲ (၂) ရက်အတွင်း မြေကွက်ပေါင်း (၆၀ဝ) ကျော် ရောင်းချပေးနိုင်ခဲ့ပါတယ်။ အခု ဝယ်သူတွေရဲ့ တောင်းဆိုမှုနဲ့ ဒုတိယအကြိမ်ကို အွန်လိုင်းကနေ ရောင်းပေးသွားမှာ ဖြစ်ပါတယ်။ မြဝတီမြို့ပေါ်မှာ မြေကွက်ဈေးတွေ သိန်း ထောင်ဂဏန်း၊ သောင်းဂဏန်းဖြစ်နေချိန်မှာ ဒီမြို့သစ်စီမံကိန်းက မြေကွက်တွေကို သိန်းရာဂဏန်းမျှသာနဲ့ ရောင်းချပေးမှာဖြစ်တဲ့အတွက် အလွန်တန်တဲ့ ဈေးနှုန်းမျိုးနဲ့ ရောင်းချပေးမှာပါ။ အခုအွန်လိုင်း အရောင်းပြပွဲမှာလည်း အရောင်းသွက်မယ်လို့ ခန့်မှန်းထားပါတယ်" ဟု ဦးနေမင်းသူက  ထပ်မံ ပြောကြားသည်။

 

ငြိမ်းငြိမ်း