မြဝတီ ၁၅ ဇူလိုင်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက ပြိုင်ပွဲကျင်းပပြု လုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးတို့က မျိုးချစ်အာဇာနည်နှင့် ကိုးဦးဇာနည် လက်ချိုးသီ ကဗျာတို့ဖြင့် ယှဉ်ပြိုင်ကြသည်။
အကဲဖြတ်ဒိုင်များအဖြစ် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦး၊ အထက(၂) ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်၊ မြဝတီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ကေခိုင်တို့က ဆောင်ရွက်ပေးပြီး ပြိုင်ပွဲမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဇူလိုင် ၁၇ ရက်နေ့တွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


