မြဝတီ ၂၉  ဧပြီ 

 

ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့တွင် အသေးစား အလတ်စား စက်ရုံအလုပ်ရုံများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား လိုက်နာမှုရှိမရှိ လိုက်လံ စစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့် သတ်မှတ်ကာလအတွင်း လုပ်ငန်းလည်ပတ်မှု ယာယီ ရပ်ဆိုင်းထားရလျက်ရှိကြောင်း မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။ 

 

မြဝတီမြို့တွင် လုပ်ငန်းလိုင်စင်တင်ပြီး လုပ်ကိုင်ဆောင်ရွက်နေသည့် စက်ရုံအလုပ်ရုံ ၁၀၀ ကျော်ရှိကြောင်း၊ အဆိုပါ စက်ရုံအလုပ်ရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရန် မြဝတီမြို့နယ် ကျန်မာရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့ စစ်ဆေးနေစဉ် ကာလအတွင်း ဧပြီ ၃၀ ရက်ထိ အဆိုပါ စက်ရုံအလုပ်ရုံများအား ယာယီပိတ်ခိုင်းထားကြောင်း မြဝတီမြို့နယ် အလုပ်သမားညွှန်းကြားရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်း က ပြောသည်။ 

 

“ လုပ်ငန်းခွင်သို့ ဝင်ရောက်ရာမှာ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ ဝင်ရောက် အလုပ်လုပ်ကိုင်ခြင်း၊ အပူချိန်တိုင်း ကိယာများဖြင့် တိုင်းတာပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ လက်ဆေးခြင်း၊ Mask တပ်ဆင်ခြင်း၊ အလုပ်သမားများရဲ့ အမည်စာရင်းနဲ့ နေရပ်လိပ်စာကို မှတ်တမ်းထားရှိခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ အသိပညာပေး ဗီနိုင်းပိုစတာတွေကို လုပ်ငန်းခွင်နဲ့ အများမြင်သာတဲ့ နေရာမှာထားရှိခြင်း အစရှိတဲ့ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်မှု ရှိမရှိ စစ်ဆေးခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။

 

“ စက်ရုံပိတ်ထားရတော့ အခြေခံလူတန်းစား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိတော့ဘဲ သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်တွေလဲ စားဝတ်နေရေးအတွက် ဒုက္ခရောက်ကြရပါတယ်။ ကျွန်မတို့စက်ရုံက ထိုင်းနိင်ငံဘက်က ကုမ္မဏီကနေ အထည်အော်ဒါကိုယူပြီး ချုပ်နေရတာပါ၊ အခုလို စက်ရုံပိတ်ထားရတော့ သတ်မှတ်ရက်အတွင်း အထည်မအပ်နိုင်ရင် တစ်ဖက်က ယုံကြည်မှုမရှိတော့ဘဲ လုပ်ငန်းအတွက် ထိခိုက်လာမှာ စိုးရိမ်နေရတယ်” ဟု မြဝတီမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဆုံဆည်းရာ အထည်ချုပ်စက်ရုံလုပ်ငန်းရှင် မနှင်းသီတာ က ပြောသည်။ 

 

စစ်ဆေးတွေ့ရှိချက် မှတ်တမ်းများကို ကရင်ပြည်နယ်အစိုးရထံတင်ပြပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားပြီး မဖြစ်မနေ ဖွင့်လှစ်ရန် လိုအပ်သည့် စက်ရုံအလုပ်ရုံများကို စီစစ်၍ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)