နေပြည်တော် ဇန်နဝါရီ ၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၃ နာရီတွင် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် သိန်းဟန်စိုး (ခ) အထစ် မောင်းနှင်ပြီး တင်ဝင်းလှိုင် (ခ) မင်းမင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၉၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ကျေးပေါခုံ ကျေးရွာအုပ်စု၊ ကျားတွန် ကျေးရွာအနီးတွင် ခွန်ကျော်သိန်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား