နေပြည်တော်  ၁ ဇွန်

 

ဧရာဝတီဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်မှုများ ပံ့ပိုးဖြည့်ဆည်း လှူဒါန်းခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် နေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမားများ နေရေးထိုင်ရေး အခက်အခဲ ရှိနေသည့်အတွက် မြဝတီရှိ မက်စ်မြန်မာက ပိုင်ဆိုင်သော အဆောက်အဦ (၄) ခုတွင် လူ (၂၀၀) နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။

 

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ ၎င်းတို့၏ နေရပ်ပြန်ရန်အတွက် ခရီးစရိတ်အဖြစ် တစ်ဦးလျင် ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့ကူညီပေးခဲ့ပြီး မြဝတီမြို့နယ်အတွင်းရှိ Quarantine Center များအတွက် လိုအပ်နေသော ကော်ဇော အလိတ် (၁၀၀) အပါအဝင် ငွေကျပ်သိန်း (၁၀၀) ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့ပြင် ဧရာဝတီဖောင်ဒေးရှင်းသည်  ရွှေ့ပြောင်းအလုပ်သမား အများဆုံး ပြန်လည်ဝင်ရောက်လာသည့် မြို့နယ်တစ်ခုဖြစ်သော ရမည်းသင်းမြို့မှ ရွှေ့ပြောင်းအလုပ်သမားများ၏ လိုအပ်ချက်အရ ရွှေ့ပြောင်းအလုပ်သမား (၅၃၉) ဦးအတွက် ဆန်၊ ဆီ၊ အစားအသောက်နှင့် အလှူငွေများ လှူဒါန်းခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် ငွေကျပ် သိန်း (၃၀) နှင့်အတူ ဆန်အိတ် (၂၀၀)၊ ဆီပိဿာ (၃၀၀)၊ ကုလားပဲ တစ်အိတ်နှင့် ကြက်ဥ အလုံး (၉၀၀) တို့ကို ရမည်းသင်းမြို့နယ်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးကော်မတီသို့ ဧရာဝတီဘဏ်ဝန်ထမ်းများက သွားရောက်လှူဒါန်းပေးခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဘက်ပေါင်းစုံမှ စွမ်းစွမ်းတမံ ပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး