မန္တလေး ဇူလိုင် ၂၁
မြဝတီနယ်စပ်မှ တစ်ဆင့် ဝယ်ယူတင်သွင်းသည့် Liquid Oxygen အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ဇူလိုင်လ ၂၁ရက်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
" ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီရဲ့ အစီစဉ်နဲ့ မန္တလေးဆေးရုံကြီးကို Liquid Oxygenရောက်တာ အခုက ဒုတိယအကြိမ်ဖြစ်ပါတယ်။ အခုဒုတိယအကြိမ်က အလှူရှင်က လှူတာပါ။ မြဝတီက သယ်လာတဲ့ Liquid Oxygenပါ။ တန် ၂၀ပါပါတယ်။ လက်ရှိ ဆေးရုံကြီးမှာ Liquid Oxygenတန်က ၂၁တန် ဆံ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ရက်နေ့က ထည့်ထားတာကလည်း သုံးနေဆဲဖြစ်ပါတယ်။ ၆တန်ခွဲလောက်ကျန်ပါသေးတယ်။ ဒါက တန် ၂၀ဆိုတော့ ဒါကိုဖြည့်နေရင်းနဲ့ ကိုဗစ်လူနာတွေကို တောက်လျှောက် အောက်ဆီဂျင်လွှတ်ပေးပြီး ကုသမှုမပြတ် ဖြည့်သွားမှာ ဖြစ်ပါတယ်။ " ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်က ပြောသည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်စီဂျင်အသုံးပြု ကုသပေးနေရသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၆၀ ကျော် ရှိပြီး လက်ရှိအနေအထားအရ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် Cartegories C ဟု ခေါ်သော အောက်ဆီဂျင် အဆက်မပြတ်ပေးပြီး အထူးဂရုစိုက်ရသည့် ကိုဗစ်လူနာများကိုသာ လက်ခံကုသပေးနေသည့်အတွက် တစ်နေ့ ကိုဗစ်လူနာတစ်ဦးလျှင် အောက်စီဂျင် ၄၀လီတာဆံ့ ဆလင်ဒါ ၂၀လုံးမှ ၂၆လုံးထိ အသုံးပြုပေးနေရကြောင်းကာင်း သိရသည်။
" ပထမအဆင့်ကတော့ ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ ကိုဗစ်လူနာတွေကို အောက်ဆီဂျင်ကို မပူမပင်ဘဲ အပြည့်ဝရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်ပြီး ဆေးရုံမှာ သိုလှောင်ထားနိုင်တဲ့ အဆင့်ရောက်ပြီဆိုရင် Liquid Oxygenကနေ ဆလင်ဒါကို ဖြည့်တဲ့ စနစ်တစ်ခု ရှိပါတယ်။ အဲဒီစနစ်ကတော့ Filling Unitကို တပ်ပြီး အောက်ဆီဂျင်လိုအပ်နေတဲ့ ဌာနတွေ တခြားဆေးရုံတွေကို ပံ့ပိုးပေးသွားဖို့ စီစဉ်ထားပါတယ်။ " ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။
ဇူလိုင်လ ၁၇ရက်နေ့တွင်လည်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Liquid Oxygen တန်ချိန် ၂၆ တန်ကို ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီက ဝယ်ယူတင်သွင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်လျက်ရှိသည့် Oxygen Concentrator များတင်သွင်းမှုအတွက် FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်းအတွက်လည်း လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျှော့ခွင့် ပြုပေးထားကြောင်း၊ နယ်စပ်စခန်းများမှတစ်ဆင့် ပြည်တွင်းသို့ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ Oxygen (အရည်) လီတာ ၄၉ သန်း၊ အိမ်သုံး Oxygen Concentrator (၆၅၀၅)ခု၊ Mask (၂၉၀)တန် တင်သွင်းနိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ထိပ်ထားနိုင်






