မောင်ဋီကာ
နှစ်စဉ်အစီရင်ခံစာ(Annual Return)
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇)အရ ဖွဲ့စည်း တည်ထောင်ထားတဲ့ ကုမ္ပဏီအားလုံးသည် ဥပဒေပုဒ်မ ၉၇ အရ Myanmar Companies Online (My Co)တွင် နှစ်စဉ် အစီရင်ခံစာ (Annual Return-AR)ကို ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့်နှစ်စဉ် အနည်းဆုံး တစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျဘဲ) တင်ပြရမှာ ဖြစ်ပါတယ်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၂၆၆(က) အရ နှစ်စဉ်အစီရင်ခံစာ ပေးပို့သည့်အချိန်နှင့် တစ်ပြိုင်တည်း ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပုံစံဆ-၅ (G-5) ဖြင့် တင်ပြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၅၃(က-၁) အရ ပြည်ပ ကော်ပိုရေးရှင်း (overseas corporation) အားလုံးသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ၂၈ ရက်အတွင်း နှစ်စဉ်အစီရင်ခံစာကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် My Co တွင် တင်ပြရပါမယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ ပထမအပတ်မှစ၍ ကုမ္ပဏီများ၏ AR Form နောက်ဆုံးတင်ပြရမည့် ရက်ကို My Co System မှ Company Status တွင် ဖော်ပြပေးထားပါတယ်။
အသစ်တည်ထောင်ထားသော ကုမ္ပဏီများသည် ကုမ္ပဏီဖွဲ့စည်းပြီးသည့်နေ့မှ နှစ်လအတွင်း တင်ပြရန်နှင့် မတင်ပြပါက နောက်ကျကြေးငွေကျပ် ၁၀ဝဝဝဝ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ AR Form အား ၁၃ လအတွင်း မတင်ပြပါက တင်ပြရန်ပျက်ကွက်ခဲ့မှုအတွက်ပုံစံ (ဈ-၉က) (I-9A) ဖြင့် system မှ Company Status တွင် ရပ်ဆိုင်းရန် အကြောင်းကြားစာပေးပို့မှာ ဖြစ်ပါတယ်။ I-9A လက်ခံ ရရှိသည့်နေ့မှ ၂၈ ရက်အတွင်း AR Form တင်ပြလာ ခြင်း မရှိသေးပါက system မှ Company Status တွင် ဆိုင်းငံ့စာရင်း (Suspended) သို့ ပြောင်းလဲမှာ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုသည် ဆိုင်းငံ့စာရင်း (Suspended) အခြေအနေသို့ ရောက်ရှိနေပါက AR Form နှင့် နောက်ကျကြေးများ (AR + Late Fee) ဦးစွာပေးသွင်းပြီးမှ ဆိုင်းငံ့ထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် တင်ပြလျှောက်ထားလွှာပုံစံ (ဈ-၉ဃ) (I-9D) ဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြရမှာ ဖြစ်တယ်။ ဆိုင်းငံ့စာရင်း (Suspended) ဖော်ပြခံထားရသော ကုမ္ပဏီများအနေဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ရန်အတွက် AR Fee (20000) + Late Fee (100000) + I-9D Fee (100000) = Ks 220,000 ကုန်ကျမှာ ဖြစ်ပါတယ်။ ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့်နေ့မှ ခြောက်လအတွင်း AR Form မတင်ပြပါက System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off )အဖြစ် ပြောင်းလဲဖော်ပြသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၄၃၀(ဆ) နှင့် ၄၃၁(စ) အရ Struck Off ဖြစ်သွားသော ကုမ္ပဏီသည် မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြပေးနိုင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် မြီးရှင်တစ်ဦးဦးက တရားရုံးသို့ ဦးတိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြပေးရန်အတွက် တရားရုံးအမိန့်အား ဖောင်ပုံစံ ဈ -၅ (I-5) ဖြင့် တင်ပြရပါမယ်။ ထိုသို့တင်ပြလာပါက နောက်လာမည့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရမည့်ရက်စွဲကို System မှ Company Status တွင် ပြန်လည်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ AR Form တွင် ဖြည့်သွင်းရတဲ့ ကုမ္ပဏီများ၏ ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်း (Company Activity)ကို ဖော်ပြရာတွင် လုပ်ငန်း ၉၉ မျိုးထဲမှတစ်နှစ်တာအတွင်း ကုမ္ပဏီမှဆောက်ရွက်နေသော လုပ်ငန်း သို့မဟုတ် အနီးစပ်ဆုံးလုပ်ငန်းအမည်ကိုသာ ရွေးချယ်ဖော်ပြရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီများမှ လုပ်ငန်း ပြောင်းလဲဆောင်ရွက်မှု ရှိခဲ့လျှင်လည်း နှစ်စဉ်တင်ပြရတဲ့ AR Form မှာ အမှန်ဆောင်ရွက်တဲ့ လုပ်ငန်းအမည်ကိုသာ ဖော်ပြရမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေက နားလည်မှုလွဲမှားပြီး လုပ်ငန်းအားလုံးကို ရွေးချယ်တင်ပြမှုတွေရှိနေလို့ကုမ္ပဏီမှ အမှန်တကယ်ဆောင်ရွက်နေတဲ့ လုပ်ငန်းကိုသာ နှစ်စဉ်တင်ပြရတဲ့ AR Form မှာ ဖော်ပြရမှာဖြစ်ကြောင်း ကုမ္ပဏီတွေကို အသိပေးလိုပါတယ်။
အသေးစားကုမ္ပဏီ (Small Company) အတွက် ကင်းလွတ်ခွင့်
သေးစားကုမ္ပဏီအတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၁၄၆ (င)အရ နှစ်ပတ်လည် အထွေထွေအစည်းအဝေး (Annual General Meeting- AGM) နှင့် ပုဒ်မ ၂၅၇ (ဂ) အရ ဘဏ္ဍာရေး ဆိုင်ရာ အစီရင်ခံစာများနှင့် စာရင်းစစ်ဆေးခြင်းများကို ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေး ဆိုင်ရာ အစီရင်ခံစာများနှင့် စာရင်းစစ်ဆေးခြင်းများ ကင်းလွတ်ခွင့်ရသော်လည်း မိမိကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် စာရင်းဇယားများကိုတော့ မိမိရုံးတွင် ပြုစုထားရပါမယ်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇)အရ ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီအားလုံးသည် AR Form တင်ပြရမည်ဖြစ်သဖြင့် အသေးစားကုမ္ပဏီသည်လည်း AR Form တင်ပြရန် လိုအပ်ပါကြောင်း အသိပေးလိုပါတယ်။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပြောင်းလဲပြင်ဆင်ခြင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၈ ဖြင့်ပြဋ္ဌာန်းထားသည့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း နမူနာပုံစံ (Model constitution)ကို အသုံးပြုလိုသည့် ကုမ္ပဏီများအနေဖြင့် My Co စနစ်မှ ရယူနိုင်ပြီး မိမိကုမ္ပဏီအမည်ကို ကွန်ပျူတာဖြင့် ရိုက်ထည့်အသုံးပြု နိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (constitution)ပြောင်းလဲ ပြင်ဆင်ခြင်းကို ကုမ္ပဏီအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး မှတ်ပုံတင်အရာရှိထံကိုတော့ ပုံစံ ဂ-၁ (C-1) ဖြင့် သတ်မှတ် မှတ်ပုံတင်ကြေး ၃၀ဝဝဝ ပေးသွင်းပြီး တင်ပြနိုင်ပါတယ်။
မှတ်ပုံတင်စာရင်းပြင်ဆင်ခြင်းဆိုင်ရာလျှောက်လွှာ
တစ်စုံတစ်ဦးမှ My Co System ရှိ မှတ်ပုံတင်စာရင်းတွင် မှားယွင်း၍ ရေးသွင်းထားကြောင်း သို့မဟုတ် ချန်လှပ်ထားကြောင်း သိရှိသည့်အခါ ပြင်ဆင်ပေးနိုင်ပါရန် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၄၂၂ (က - ၁) အရ မှတ်ပုံတင်စာရင်းပြင်ဆင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံ ဈ- ၁(က) (I-1A) ဖြင့် မှတ်ပုံတင်ကြေး ကျပ် ၅၀ဝဝဝ ပေးသွင်းလျှောက်ထားနိုင်ပါတယ်။ ထိုကဲ့သို့ ပြင်ဆင်ခွင့်ပြုရန် တင်ပြလျှောက်ထားလာခြင်းအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၄၂၂ (ခ- ၁) နှင့်အညီ ကုမ္ပဏီနှင့် အများပြည်သူသို့သိရှိနိုင်ရန် မှတ်ပုံတင်အရာရှိမှ My Co တွင် ပုံစံ ဈ-၂(က) (I-2A) ဖြင့် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အများပြည်သူသို့ အကြောင်းကြားစာ I-2A ထွက်ပြီး ၂၈ ရက်အတွင်း ကန့်ကွက်သူမရှိပါက My Co တွင် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ I-1A သည်တစ်စုံတစ်ဦး၏ လျှောက်ထားချက်အရ ကုမ္ပဏီအချက်အလက်ကိုMy Co တွင် ပြင်ဆင်ရသည့်ပုံစံဖြစ်ပြီး ပုံစံ ဈ- ၃(က) (I-3A) သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၄၂၂ (က- ၃) အရ မိမိကုမ္ပဏီမှ ထိန်းသိမ်းထားရှိသော မှတ်ပုံတင်စာရင်းများကို ပြင်ဆင်နိုင်ရန်ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန် My Co စနစ်တွင် တင်ပြရာ၌ I-1A နှင့် I-3A ကို အကြောင်းအရာ ကွဲပြားစွာ တင်ပြနိုင်ရန် အသိပေးလိုခြင်းဖြစ်ပါတယ်။ ။
ကြေးမုံ