ရန်ကုန် ၂၆ ဒီဇင်ဘာ

 

Myanmar Airways International (MAI) လေကြောင်းလိုင်းသည် လေယာဉ်အသစ်များ ထပ်မံဖြည့်တင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Airbus A319-100, MSN-5193, XY-ALK လေယာဉ်အသစ်သည် အမေရိကန်နိုင်ငံ Phinix မြို့မှ ပျံသန်းထွက်ခွာလာရာ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

 

အသစ်ရောက်ရှိလာသည့် Airbus A319-100, MSN-5193, XY-ALK လေယာဉ်အား MAI လေကြောင်းလိုင်းမှ Board of Operations Management Chairman ဦးအောင်အောင်ဇော်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Water-Salute အခမ်းအနားပြုလုပ်ကြိုဆိုခဲ့ပြီး ယင်းလေယာဉ်သစ်ကို အမေရိကန်နိုင်ငံ Phinix မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မောင်းနှင်ပျံသန်းပေးခဲ့သည့် MAI မှ ဝါရင့်လေယာဉ်မှူးများအား MAI မှ လေယာဉ်မယ်များက ဂုဏ်ပြပန်းစည်းများပေးအပ်ကာ ကြိုဆိုခဲ့ကြသည်။

 

ယခုထပ်မံရောက်ရှိလာသော လေယာဉ်အပါအဝင် MAI လေကြောင်းလိုင်းတွင် Airbus A319 လေယာဉ်ငါးစင်း၊ A-320 လေယာဉ်တစ်စင်း စုစုပေါင်း Airbus ခြောက်စီးဖြင့် ပြည်ပခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ပြီး Airbus A320-214 လေယာဉ်လေးစင်းနှင့်၊ Embraer 190 နှစ်စင်းမှာလည်း မကြာမီထပ်မံရောက်ရှိလာမည်ဖြစ်သည်။ MAI လေကြောင်းလိုင်းအနေဖြင့် ရာသီဥတုဆိုးရွားမှုမှလွဲ၍ လေယာဉ်များကြောင့် ခရီးစဉ်ဖျက်သိမ်းခြင်းနှင့် ခရီးစဉ်များ Delay ဖြစ်ခြင်း မရှိစေရန် ဆောင်ရွက်လျက်ရှိကာ Safety Standard တွင် အဆင့်မြင့်ဆုံး သတ်မှတ်ခံထားရသည့် လေကြောင်းလိုင်းတစ်ခုလည်းဖြစ်သည်။ ထို့ပြင် MAI လေကြောင်းလိုင်းသည် Embraer နှင့် Airbus A319 တို့ကိုအသုံးပြုကာ အကျိုးတူပူးပေါင်းပျံသန်းနေသော AIR KBZ နှင့် ပူးပေါင်း၍ MAI Domestic Route များကို မကြာမီပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-စိုးညွန့်