မန္တလေး ၁ ဇန်နဝါရီ
Myanmar Countdown 2020 ပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် (နှစ်သစ်ကူးနေ့) ည ၉ နာရီမှစတင်၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ကျုံးတောင်ဘက်ချမ်းရှိ မြို့တော်စည်ပင် သာယာရေး ကော်မတီရုံး၊ မျက်နှာစာရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးမြို့တော်သူ၊ မြို့တော်သားများ၊ အနယ်နယ် အရပ်ရပ်မှ မိဘပြည်သူများစုဝေးကာ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၀ ပြည့်နှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နှစ်သစ်ကူးပွဲတော်ကို ကျင်းပရာ ထောင်ပေါင်းများစွာသော မန္တလေးရှိ ပြည်သူများစုဝေး၍ ည ၁၂ နာရီကို စက္ကန့်ရေတွက်၍ Happy New Year သံပြိုင်ရွတ်ဆိုကာ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ကြိုဆိုကြပြီး ပွဲတော် လမ်းတစ်လျှောက်တွင် လျှပ်စစ်မီးအလှ ရောင်စုံများထွန်းညှိခြင်းနှင့်အတူ နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုများ ပါဝင်သည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်ကူးကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် မန္တလေးမြို့တော်သူ မြို့တော်သားများနှင့်အတူ နှစ်သစ်ကူး Countdown ကို ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်(ပြန်/ဆက်)