၁ သြဂုတ်
Myanmar Idol Season 3 တွင် ဒိုင်အဖြစ် ပါဝင်အကဲဖြတ်နေခဲ့သည့် အဆိုတော် တင်ဇာမော် အနေဖြင့် Myanmar Idol တွင် ပြိုင်ပွဲဝင်အဖြစ်နှင့် ယှဉ်ပြိုင်ခိုင်းလျှင် ငြင်းပယ်မိမည်ဟု ပြောကြားခဲ့ပြီး လတ်တလော ပရိသတ်စိတ်ဝင်စားမှုရရှိနေသည့် Voting စနစ်အပေါ် သူ၏ကိုယ်တိုင်ခံစားချက် အချို့ကိုလည်း ပြောကြားလာခဲ့သည်။
“Voting စနစ်ကိုမပြောခင် အစ်မအနေနဲ့ရော ဒိုင်တွေအကုန်လုံးအနေနဲ့ပြောရရင် အားလုံးစိတ်ကြိုက် ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင်တွေပါ၊ အဲလိုပြိုင်ပွဲဝင်တွေမို့ အကုန်လုံးတော်ကြပြီးသားပါ၊ အခုဆို သူတို့နဲ့မလိုက်ဖက်ဘူးထင်ထားတဲ့ သီချင်းတွေကိုလည်း ဆိုနိုင်ကြတယ်၊ ဖိုင်နယ်ကိုတက်သွားတဲ့ ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို၊ ဇော်ကြီးတို့ကလည်း ပရိသတ်စိတ်ကြိုက် ရွေးချယ်ထားသလို အစ်မတို့လည်း ထပ်တူရွေးထားတဲ့ သူတွေပါပဲ၊ Voting ဆိုတာလည်း ခေတ်နဲ့စနစ်ရဲ့ ပြောင်းလဲမှုအရပေါ့နော်၊ အဲ့တော့ အစ်မတို့အနေနဲ့က တကယ်ကို ဒေါင်ဒေါင်မြည်တယ်ဆိုတဲ့သူတွေ၊ ဒေါင်ဒေါင်မြည်မယ်လို့ ထင်တဲ့သူတွေကို အစ်မတို့ဒိုင်တွေက စိတ်ကြိုက်ရွေးခဲ့တာပါ၊ ဒိုင်တွေအနေနဲ့ ရွေးထားတဲ့သူတွေထဲကမှ ပရိသတ်ကလည်း သူတို့စိတ်ကြိုက် အားပေးကြတယ်၊ ပွဲက ပညာရှင်သုံးဦးလုံးရဲ့ ဆုံးဖြတ်ပြီးရွေးထားတဲ့ဟာမျိုး မဟုတ်ဘူးပေါ့နော်၊ ပြောရရင် ဒိုင်အဆုံးအဖြတ်ချည်းပဲမဟုတ်ဘူး၊ ပရိသတ်ရဲ့အဆုံးအဖြတ်ကလည်း ပါနေသေးတော့ ခေတ်စနစ်တစ်ခုကြောင့်ပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
သူ့အနေဖြင့် ဦးစောနု၏ သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့ပြီး ဂီတလောကတွင် အခြေချခဲ့သူတစ်ဦးဖြစ်သောကြောင့် ယနေ့ခေတ် သီချင်းဆိုပြိုင်ပွဲ များတွင် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုလိုကြောင်း ပြောသည်။
“ကျွန်မတို့တုန်းကဆို ပြိုင်ပွဲဝင်တဲ့အခါ တစ်ရက်တည်းပြိုင်ရတယ်၊ ပြီးတော့ ဆုရတယ်၊ တစ်ရက်တည်း ပြိုင်ရတာဆိုပေမယ့် ပြင်ဆင်မှုအနေနဲ့ဆို ခြောက်လလောက် အချိန်ယူခဲ့ရတာ၊ အခုကျတော့ သူတို့တွေအနေနဲ့ လုံးဝဖိအားတွေ အများကြီး ခံစားကြရတယ်၊ တော်ကြတယ်၊ ကျွန်မသာဆိုရင်ဆိုတဲ့အတွေးနဲ့ ကိုယ်ချင်းစာမိပါတယ်၊ ကျွန်မအနေနဲ့ တစ်ရက်တည်းပြိုင်ရမယ့် သီချင်းဆိုပြိုင်ပွဲကို တစ်ပတ်အလိုမှာ ပြင်ဆင်ရမယ်ဆိုတော့ မပြိုင်ဘဲ ဖျက်ခဲ့ဖူးတာရှိပါတယ်၊ ဒီလို အဆင့်ဆင့်ပြိုင်ပွဲသာဆို ကျွန်မထွက်တောင် ပြေးချင်စိတ်ပေါက်မှာ သေချာပါတယ်၊ သူတို့လိုသာ ပြိုင်ရမယ်ဆို အခုချိန် ကျွန်မလည်း ယက်ကန်ယက်ကန်နဲ့ တောက်လျှောက်ပြိုင်နေရမှာပါပဲ၊ သူတို့အတွက် တာဝန်ကြီးတယ်လို့ ကျွန်မ ပြောပါရစေ” ဟုလည်း တင်ဇာမော်က ဆိုသည်။
ကိုလင်း