ရန်ကုန် ၁၂ စက်တင်ဘာ 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီမှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် သက်ထားသူဇာသည် ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ထိုင်းကစားသမား ဆာရန်ပွန်ကို နှစ်ပွဲပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပုံစံကောင်းပြသကာ လက်ရည်အသာဖြင့်ကစားပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် အမှတ်များဆက်တိုက်ရယူနိုင်သောကြောင့် ၂၁-၁၀ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲငယ်တွင် ထိုင်းကစားသမား ဆာရန်ပွန် အမှတ်များရလာသော်လည်း သက်ထားသူဇာက တည်တည်ငြိမ်ငြိမ်ဖြင့် အမှတ်များရယူကာ ၂၁-၁၄ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတတိယနေ့တွင် ပွဲစဉ်စုစုပေါင်း ၂၉ ပွဲ ကျင်းပခဲ့ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များ၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များ ကျင်းပခဲ့သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကစားသမားများအနက် သင်းသင်းစံမှာ ထိုင်းကစားသမား ဘင်ရာမာကို နှစ်ပွဲပြတ်၊ တွယ်တာဦးမှာ အိန္ဒိယကစားသမား သူလာဆီကို နှစ်ပွဲပြတ်တို့ဖြင့် အရေးနိမ့်ခဲ့သည်။

ပြိုင်ပွဲစတုတ္ထနေ့ကို စက်တင်ဘာ ၁၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ပွဲစဉ်များ ကျင်းပမည်ဖြစ်သည်။ သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် အိန္ဒိယကစားသမားနှင့် တွေ့ဆုံနေပြီး ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်