၁၇  ဒီဇင်ဘာ

 

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseening Flights Tour)ကို  Myanmar National Airlines မှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

 

အဆိုပါ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseening Flights Tour)ကို ရန်ကုန်- ကျိုက်ထီးရိုး - ဘားအံ - ရန်ကုန်သို့ Myanmar National Airlines ရှိ ATR – 72 မှ  အနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားကို ဖူးမြော်ပြီး ဘားအံမြို့၏ ပတ်ဝန်းကျင် ရှုခင်းအလှတရားများကိုလည်း ဝေဟင်မှ ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

"အခုလောလောဆယ် Non Landing Sightseeing Flights Tour ဆိုတာက လေယာဉ်ပျံက ရန်ကုန်က နေတက်ပြီး ရန်ကုန်ကို ပြန်ဆင်းမှာပါ၊ ခရီးစဉ်ကတော့ အရင်ကလိုမျိုး တစ်မြို့ကနေ တစ်မြို့ကို ခရီးသွားတဲ့ပုံစံ မဟုတ်ဘဲနဲ့ ရှုခင်းတွေကို ကြည့်တယ်၊ လေယာဉ်ပျံက အနိမ့်ပျံပြီးတော့ သွားမှာပါ၊ အခု လောလောဆယ်တော့ ကျိုက်ထီးရိုးပေါ့၊ ကျိုက်ထီးရိုးကို သွားမယ်၊ ကျိုက်ထီးရိုးမှာ ပတ်ပြီးတော့ ပြမယ်၊ ပြီးသွားလို့ရှိရင် ကရင်ပြည်နယ်၊ ဘားအံပေါ့၊ ဇွဲကပင်တောင်နဲ့ ဘားအံမြို့ရဲ့အလှကို ပတ်ပြီးတော့ပြမယ်၊ ပြီးရင် သံလွင်မြစ်ရဲ့ ရှုခင်းကိုကြည့်ပြီးတော့ ရန်ကုန်ကို ပြန်လာမယ်" ဟု ဦးနောင်းနောင်းဟန် က ပြောသည်။

 

အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)ကို လိုက်ပါစီးနင်းမည့် ခရီးသည်များသည် COVID 19 ရောဂါ ရှိ၊ မရှိ မိမိအစီအစဉ်ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လေယာဉ်ပေါ်တက်ခွင့်ရမည်ဖြစ်ကြောင်း၊ လေယာဉ်မှာလည်း ရန်ကုန်လေဆိပ်မှ တက်၍ ရန်ကုန်လေဆိပ်တွင် ပြန်ဆင်းမည်ဖြစ်သောကြောင့် Q ဝင်ရန်မလိုကြောင်း သိရသည်။

 

ဆက်လက်၍ အဆိုပါခရီးစဉ်အပေါ် မူတည်ကာ စျေးကွက်အရ တုံ့ပြန်မှုကောင်းပါက ထပ်မံပြီး ခရီးစဉ်အသစ်များကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

 

"နောက်ပိုင်းမှာတော့ စျေးကွက်က တောင်းဆိုမှုရှိတယ်၊ စျေးကွက်က တုံ့ပြန်မှု ကောင်းတယ်ဆိုရင်တော့ ကျွန်တော်တို့ ထပ်မံပြီးတော့ ဆွဲပါ့မယ်၊ အခုလောလောဆယ်တော့ ဒါစမ်းသပ်ခရီးစဉ်ပေါ့၊ စမ်းသပ်ပြီး တော့ ဆွဲကြည့်တာ၊ အရင်တုန်းက ဒီလိုမျိုး ဆွဲတယ်ဆိုတာမျိုးက မရှိခဲ့ဘူးလေ၊ တစ်ခါမှ မရှိခဲ့ဘူးတော့ မြန်မာပြည်မှာ ပထမဆုံးစဆွဲကြည့်တယ်၊ နောက်အခါအားလျော်စွာ စျေးကွက်လိုအပ်ချက်အရ ကျွန်တော်တို့ ထပ်ပြီး ဆွဲပါ့မယ်"ဟု  ဦးနောင်းနောင်းဟန် က ဆက်ပြောသည်။

 

လက်ရှိ COVID 19 ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ကိုးလခန့် ရပ်ဆိုင်းနေပြီး တချို့မှာ အပြီး ပိတ်သိမ်းသည်အထိ ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ခရီးသွားများ မမျှော်လင့်နိုင်သေးသည့် ကာလတွင် ပြည်တွင်းခရီးသွားများနှင့် ခရီးသွားလုပ်ငန်းများကို ကောင်းကောင်းလည်ပတ်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"ဒီအတွက်လည်း အစိုးရအနေနဲ့ကလည်း ဒါကိုလက်ခံတဲ့အတွက် ပြည်တွင်းခရီးသွားတွေ ဖွင့်ဖို့အတွက် ကျွန်တော်တို့က ကြိုးစားနေတယ်၊ ဒီ ပြည်တွင်းခရီးသွားတွေမှာ စနစ်တကျနဲ့ စည်းကမ်းတကျနဲ့ ကိုင်တွယ်ပြီးတော့  တစ်ဖက်ကလည်း ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ရင်းနဲ့ ခရီးသွားလုပ်ငန်းကို ပြန်ပြီးတော့ စနစ်တကျနဲ့ ဖွင့်နိုင်မယ်ဆိုလို့ရှိရင် ဖြည်းဖြည်းချင်း ပြန်လည်ပတ်လာမယ်၊ ဒီလည်ပတ်မှုရဲ့ အောင်မြင်မှုနဲ့ နိုင်ငံတကာ ခရီးသွားတွေကို ပြန်ပြီးတော့ ဆွဲဆောင်နိုင်မယ်၊ အရေးကြီးဆုံးက ကိုယ့်နိုင်ငံထဲမှာ Safety ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က ပြနိုင်ဖို့ပဲ"ဟု  ဦးနောင်းနောင်းဟန်က ပြောသည်။

 

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အပျော်စီး လေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)သာမက ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ်၊ ကုန်းတွင်းခရီးစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့်လည်း ရပ်ဆိုင်းနေသည့် ခရီးသွားလုပ်ငန်း  ပြန်လည်စတင်နိုင်ရေး  ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီး စဉ်၊မြစ်တွင်းသင်္ဘော ခရီးစဉ်၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီး သွားလုပ်ငန်းကို  ဆောင်ရွက်သွားရန် ခွင့်ပြုထားသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များအပေါ် မူတည်၍ ဆောင်ရွက်သွားရမည်ဟု ထုတ်ပြန်ထားသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွန့်စားအားကစားခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ယာဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး အခြေခံ ခရီးသွား လုပ်ငန်း၊ မြစ်တွင်းနှင့် မီးရထားအပျော်စီး ခရီးသွားလုပ်ငန်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်း၊ MICE ခရီးသွားလုပ်ငန်းတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာစတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ပိုင်းကစ၍ ခရီးသွားလုပ်ငန်းများရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

ငြိမ်းငြိမ်း