မယ်စဲ့ မေ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသထွက်ကြက်သွန်ဖြူများ နုတ်သိမ်းချိန် အထွက်နှုန်း ကောင်းသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဝယ်ယူမှု မရှိသဖြင့် တောင်သူများ အခက်တွေ့လျက်ရှိကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။
ဆောင်းသီးနှံ ကြက်သွန်ဖြူကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဧပြီ၊ မေလတွင် နုတ်သိမ်းလေ့ရှိရာ မယ်စဲ့ဒေသမှ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်ဖြူသည် အခွန်ပါး၍ အနံ့အရသာ ကောင်းမွန်ကာ ပိုးသတ်ဆေး သုံးစွဲမှု နည်းသည့်အတွက် ထိုင်းနိုင်ငံက မျိုးအနေဖြင့်သာမက စားသုံးမှု အတွက်ပါ အထူးကြိုက်နှစ်သက်သဖြင့် ဒေသထွက်ကြက်သွန်ဖြူကို ထိုင်းနိုင်ငံဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချရသည်။
“ကြက်သွန်ဖြူ စိုက်ပျိုးချိန် အလုပ်သမားခ တစ်နေ့ကို ကျပ် ၇၀ဝ၀ ပေးရတယ်။ ပုံးနဲ့ စိုက်သူတွေ ကိုတော့ ကြက်သွန်ဥအကြီး၊ အသေးပေါ်မူတည်ပြီး တစ်ပုံးကို ကျပ် ၇၀ဝ၀ မှ ကျပ် ၈၀ဝ၀ အထိ ပေးရတယ်။ ဒါကြောင့် ကြက်သွန်ဖြူစိုက်ပျိုးချိန်မှာ အလုပ်သမားခနဲ့ စိုက်ပျိုးစရိတ် ကုန်ကျမှုတွေ များပါတယ်။ ယခင်နှစ်က ကြက်သွန်နုတ်ချိန် ကြက်သွန်ဖြူအစို တစ်ကီလိုကို ထိုင်းဘတ် ၁၃ ဘတ်မှ ၁၅ ဘတ်ထိ ဈေးရပြီး ကြက်သွန်ခင်းထဲအထိ လာဝယ်တဲ့အတွက် တောင်သူတွေ အဆင်ပြေတယ်။ နောက်ပိုင်း အခြောက်ထားနိုင်တဲ့ တောင်သူတွေဆိုရင် တစ်ကီလိုကို ထိုင်းဘတ် ၃၅ ဘတ်မှ ဘတ် ၄၀ ပတ်ဝန်းကျင်အထိ ဈေးရရှိတယ်။ ဒီနှစ်မှာတော့ ကြက်သွန်နုတ်ချိန်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ အခြေအနေကြောင့် မြန်မာ-ထိုင်း နယ်စပ်ဂိတ် တွေ ပိတ်ထားတဲ့အတွက် ထိုင်းနိုင်ငံက လာရောက် ဝယ်ယူမှု မရှိတာကြောင့် တောင်သူတွေ အခက်တွေ့နေတယ်” ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောကြားသည်။
မယ်စဲ့ကုန်သွယ်ရေးစခန်းမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် သွင်းကုန်အစားထိုး ခြင်းနှင့် ပို့ကုန်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ဒေသထွက်ကြက်သွန်ဖြူများကို အရည်အသွေး ကောင်းပြီး ဈေးကွက်ဝင်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ပါက ဒေသခံတောင်သူများအတွက် ဈေးနှိမ် ဝယ်ယူခြင်း၊ ဈေးကောင်းချိန် မျှော်လင့်စောင့်ဆိုင်းခြင်းမျိုး မဖြစ်စေဘဲ တောင်သူနှင့် ကုန်သည် နှစ်ဦးနှစ်ဖက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


