မယ်စဲ့ ၂၅ မတ်

           

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ် (ဘီပီ-၁၃) နှင့် (ဘီပီ-၁၄) တို့ကို မတ်၂၁ရက်မှစ၍ တရားဝင်ပိတ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှုမရှိစေရေးနှင့် ခရီးသွားပြည်သူများ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၆နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မယ်စဲ့ ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက မယ်စဲ့ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အဝေးပြေးယာဉ်လိုင်းများမှ ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် လက်ကိုသန့်ရှင်းစင်ကြယ်စွာ မကြာခဏဆေးကြောရန် အစရှိသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

“မယ်စဲ့မြို့နယ်မှာ (ဘီပီ-၁၃)ဂိတ်နဲ့ (ဘီပီ-၁၄)နယ်စပ်ဂိတ်တွေကို မတ်၂၁ရက်နေ့ကတည်းက မြန်မာဘက်ကနေ တရားဝင်ပိတ်ထားပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက နေ့စဉ်စောင့်ကြပ် ကြည့်ရှုကြပေမဲ့ ဂိတ်မဟုတ်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ ဘီပီ-၁၅နဲ့နီးတဲ့ ဟိုဂျစ်ကျေးရွာ၊ ဘီပီ-၁၃ နဲ့နီးတဲ့ ဟိုမန်းကျေးရွာ အစရှိတဲ့ လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာမှာကို စိုးရိမ်ရပါတယ်။ ဒါကြောင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာတာဝန်ခံတွေကိုလည်း မိမိတို့ ရပ်ရွာအတွင်းမှာ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေရှိပါက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြားပေးဖို့ ဖုန်းနံပါတ်တွေလည်း ပေးထားပါတယ်။ မယ်စဲ့မြို့နယ်မှာ COVID-19 ရောဂါ ကူးစက်လာမှုမရှိစေရေး ခရီးသွားပြည်သူများနဲ့ ဒေသခံပြည်သူတွေကို အသိပညာပေးတဲ့လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထံမှ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)