မယ်စဲ့  ၂၅ ဇန်နဝါရီ     


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် မယ်စဲ့မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်နေမှု၊ ကျောက်စုကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ တံတားနှင့် အဝီစိစက်ရေ တွင်းတူးဖော်နေမှု လုပ်ငန်းများအား ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

123


ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၈၇ ဒသမ ၃၂ သန်းဖြင့် ကယားတောင်တန်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် မြို့နယ်ကျေးလက် ဦးစီးဌာနရုံးအဆောက်အဦ (၅၀×၄၀×၂၄)ပေ RCC (၂) ထပ်ဆောက်လုပ်နေမှု၊ ပြည်ထောင်စု ခွင့်ပြုငွေကျပ် ၁၁၉ဒသမ၉၇သန်းဖြင့် ကျောက်စုကျေးရွာလယ်ယာကုန်ထုတ်လမ်း ၂ မိုင်၄ ဖာလုံ ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ကွန်က ရစ်တံတား(၃၅×၁၄×၁၀)ပေ တည်ဆောက်နေမှု၊ ကျောက်စုကျေးရွာရေရရှိရေးလုပ်ငန်း အဝီစိစက်ရေတွင်းတူးဖော်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက် ဦးစီးဌာနမှူးဦးမိုးအောင်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်နယ်ဦးစီးမှူး က သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်စုကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ယင်းဒေသရှိပြည်သူများ၏ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်လာမည့်အပြင် အဝီစိစက်ရေတွင်း တူးဖော်မှုလုပ်ငန်း အောင်မြင်၍ ရေရရှိမည်ဆိုပါက သောက်သုံးရေရှားပါး မှုကြုံတွေ့နေရသည့် ကျေးရွာပြည်သူများအတွက် များစွာ အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)