နေပြည်တော် ၄ နိုဝင်ဘာ
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော် ထုတ်ဖမ်းဆီးခြင်းကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်း ပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ သစ်တော ဝန်ထမ်းများအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကယားပြည်နယ် မယ်စဲ့မြို့နယ် နမ့်ပိန်းလိန်ကြိုးပြင် ကာကွယ်တော အကွက်အမှတ် (၆၂)အတွင်းမှ ကျွန်းသစ်နှင့်ပိတောက် စုစုပေါင်း ၈၃ ဒသမ ၁၆၄ တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် လှည်းကူးရွာ အရှေ့ဘက်(၂)မိုင်ခန့်အကွာနေရာနှင့် (၃)မိုင်ခန့်အကွာနေရာတို့မှ ကညင်၊ အင်၊ သစ်ယာသစ် ခွဲသားစုစုပေါင်း ၁၄ ဒသမ ဝ၈၈၈ တန်ကို လည်းကောင်း ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပဲခူး-လေးအိမ်စုကျေးရွာ-အမြန်လမ်းသို့ ဆက် သွယ်ထားသောလမ်းမှ ထော်လာဂျီခြောက်ဘီးယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား ၂ ဒသမ ၂၉၀၆ တန်နှင့်ပြစ်မှုကျူးလွန်သူတစ်ဦးကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံ မြို့နယ်အတွင်း၌ (၂၂)ဘီးယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁၈ ဒသမ ဝ၇၃၆ တန်နှင့် ပြစ်မှုကျူးလွန်သူနှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။
မောင်လူမော်


