မယ်စဲ့၊ ၃၀ ဒီဇင်ဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တရားရုံးတွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် အမှုများ စစ်ဆေးဆောင်ရွက်ရန်အတွက် ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၉ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဘောလခဲခရိုင် တရားသူကြီး ဦးဝင်းမြင့်စိုးက ပြည်ထောင်စု တရားလွှတ်တာ်ချုပ်၏ တရားစီရင်ရေး မဟာပျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၅)ဖြစ်သော နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (National Case Management Program-NCMP) ဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေနှင့် တရားရုံး စစ်တမ်းကောက်ယူခြင်း လုပ်ငန်းရပ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် မြို့နယ်တရားသူကြီး ဦးအောင်မြင့်ဌေးက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် မှုခင်းများ စစ်ဆေးသွားမည့်အကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းကြရာ ခရိုင်တရားသူကြီး ဦးဝင်းမြင့်စိုးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်သည် အမှုများကို စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံးက အမှုနှင့် သက်ဆိုင်သူ အားလုံးနှင့်အတူ ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး မယ်စဲ့မြို့နယ်တရားရုံးတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် မှုခင်းများ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် တရားသူကြီး ဦးအောင်မြင့်ဌေးထံမှ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)