မယ်စဲ့ ၁၇ ဇူလိုင်
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ပီကင်းကောခူ ကျေးရွာတွင် အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွား၍ ဝက်များ အစုလိုက်၊ အပြုံလိုက် သေဆုံးမှုကြောင့် မယ်စဲ့မြို့နယ်အတွင်း အဆိုပါရောဂါ မဖြစ်ပွားစေရေး ဝက်မွေးမြူသူတောင်သူများမှ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အာဖရိကအပြင်းဖျား ဝက်ရောဂါသည် အိမ်မွေးဝက်များနှင့် တောဝက်များတွင် အဖြစ်များပြီး ရောဂါကြိုတင်ကာကွယ်ဆေးနှင့် ကုသရန် ဆေးမရှိသည့်အတွက် ရောဂါဖြစ်ပွားပါက ထိခိုက်ဆုံးရှုံးမှု များနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ခြင်းနှင့် ဇီဝမြှင့်တင်ရေး လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောသေးရယ်က ပြောကြားသည်။
ယခုအချိန်တွင် မယ်စဲ့မြို့နယ်အတွင်း၌ ဝက်အနည်းငယ်သေးဆုံးခဲ့မှုကြောင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစောသေးရယ်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဝမ်ကန်၊ နမ့်မန်း ကျေးရွာတို့တွင် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဟိုဖကျေးရွာတွင် အခြေခံမွေးမြူရေး ပညာပေးခြင်း၊ အာဖရိကအပြင်းဖျား ဝက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဇူလိုင် ၁၆ ရက်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


