မယ်စဲ့ ၄ သြဂုတ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့် မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူ မသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များရှိပါက ပြည်သူ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ပြင်ဆင်ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်မှုများရှိပါက ချိတ်ဆက်ပူးပေါင်း အကောင်အထည်ဖော်စေလိုကြောင်း၊ အစိုးရ၏ စေတနာ၊ မေတ္တာများကိုသိရှိပြီး ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အမြင်ကျယ်ကျယ်ဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေခံစားခွင့်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးတီရယ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက မယ်စဲ့မြို့နယ်အတွင်းရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ မသန်စွမ်း(၁၃)ဦးအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ကျပ် ၃၉၀၀၀၀၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ် (၂၅၁)ဦးအတွက် တစ်ဦးလျင်ကျပ် ၄၅၀၀၀ နှုန်းဖြင့် သုံးလစာ ကျပ် ၁၀၄၅၅၀၀၀ ကို ထောက်ပံ့ငွေရရှိသူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်တိန်း၊ မယ်ဆည်နမ်၊ နမ့်ပိန်းလင်၊ ကျောက်စုကျေးရွာတို့ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)