မယ်စဲ့ ၁၀ ဧပြီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မတ် ၂၆ ရက်က အိမ်နီးချင်းထိုင်းနိုင်ငံမှ ပြန်လာသူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိသော Facility Quarantine တွင် စောင့်ကြည့်ခဲ့ရာ ၁၄ ရက် ပြည့်ပြီးဖြစ်၍ ယနေ့နံနက် ၈ နာရီက ၎င်းတို့၏နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ကြောင်းသိရသည်။
“စောင့်ကြည့်ခံရသူများအနေနဲ့ မိမိတို့နေအိမ်တွေမှာ နေထိုင်တဲ့အခါ Facility Quarantine မှာ နေထိုင်သကဲ့သို့ နေဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာ အောင်ဇော်ထွန်းက ပြောကြားသည်။
မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၁ ဦး စုစုပေါင်း (၆) ဦးသည် စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်မြောက်သဖြင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးထောက်ခံချက်များ ပေးအပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ၎င်းတို့၏ နေအိမ်အသီးသီးကို လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်ဆက်)