မယ်စဲ့၊   ၁၂       ဇန်နဝါရီ

 

ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ကျေးလက်နေပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု ရရှိစေရန်နှင့် စိတ်အေးချမ်းသာစွာနေထိုင်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ဇန်ဝါရီ ၁၁ ရက် ညနေ ၄ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ကျေးရွာမြေငှားဂရန် ထုတ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးသန့်တင်က ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။

 

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မြေငှားဂရန်ရရှိလာပါက မြေခွန် ထမ်းဆောင်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဝမ်ကန်ကျေးရွာရှိ အိမ်ခြေ (၁၄၈) အိမ်အတွက် မြေပေးမိန့် (၁၄၈)ခုကို ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူများလက်ဝယ်သို့ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)