မယ်စဲ့ ၂၅ နိုဝင်ဘာ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် Women Club နှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဗန်းမော်သိန်းဖေ၏ ကြီးကြီးတွေးမြင့်မြင့်ကြံ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို နိုဝင်ဘာ ၂၄ ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စောဝတ်ရည်က အနာဂတ်ကို ခေါင်းဆောင်မည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာပေ၏ အနှစ်သာရ များကို သိရှိပြီး စာဖတ်သည့်အလေ့အထရရှိစေရန်နှင့် စာပေမှပေးသော အသိအမြင်များကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အသိအမြင်များ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Women Club အဖွဲ့မှ ဒေါ်ထရေးဇာနှင့် ဒေါ်အင်နန်စိုး၊ Youth Club အဖွဲ့မှ ကိုဖြိုးသူဟိန်း တို့က စာရေးဆရာဗန်းမော်သိန်းဖေ ရေးသားသော ကြီးကြီးတွေးမြင့်မြင့်ကြံစာအုပ်ပါ အောင်မြင်မှုရရှိ ရန် ယုံကြည်မှု လိုအပ်ပုံ၊ အရှုံးနှင့်ရင်ဆိုင်ရပါက သင်ခန်းစာယူပြီး အောင်မြင်အောင် ဆောင်ရွက်ပုံနှင့် ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိစေရန် ကြိုးစားရမည့်အချက်များကို ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဝတ်ရည်(ပြန်/ဆက်)


