နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကယားပြည်နယ် မယ်စဲ့မြို့နယ် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း) အား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယနေ့ နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖားဆောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်စေရန်နှင့် ၎င်းတို့အား လိုက်လံချေမှုန်းခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ ခန့်တွင် ကယားပြည်နယ် မယ်စဲ့မြို့နယ် ဖားဆောင်းမြို့၏ အနောက်ဘက် မီတာ ၃၂၀ ခန့်အကွာ ဖားဆောင်း-မယ်စဲ့-ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ် (၀/၃ ) နှင့် (၀/၄) ကြားရှိ အများပြည်သူ အားထားအသုံးပြုလျက်ရှိသည့် အရှည် ပေ ၁၂၆၀၊ အကျယ် ၂၄ ပေ၊ သံကူကွန်ကရစ်အမျိုးအစား သံလွင်တံတား (ဖားဆောင်း) အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါ တံတား၏ အနောက်ဘက်ကမ်းကပ်ခုံမှ အရှည်ပေ ၂၅၀၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှု၍ ယုတ်မာရိုင်းစိုင်းစွာဖြင့် အများပြည်သူအဓိက သွားလာရာနှင့် ကုန်စည်များစီးဆင်းရာတွင် အဓိက အားထားအသုံးပြုနေသော စစ်ရေးပစ်မှတ်မဟုတ်သည့် သံလွင်တံတား (ဖားဆောင်း) အား ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာနစ်နာဆုံးရှုံးခဲ့ရသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရှိရပြီး တံတားပျက်စီးမှုကို သက်ဆိုင်ရာ လမ်း/ တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


