မယ်စဲ့ ၁၈ သြဂုတ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် IRC အဖွဲ့တို့ပူးပေါင်း၍ Access To Fund ၏ ကူညီထောက်ပံ့မှုဖြင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှုနှင့် စံပြမိခင်နှင့် ကလေးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ကလေးငယ်များ အာဟာရချို့တဲ့ပါက ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွားမှုကို နိမ့်ကျစေသဖြင့် မိခင်ရောကလေးပါ အာဟာရပြည့်ဝဖို့ လိုအပ်ကြောင်း၊ မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝစေရေးအတွက် တစ်လလျှင် ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါထောက်ပံ့ငွေများကို အကျိုးရှိရှိအသုံးချစေလိုကြောင်းနှင့် မိခင်များအနေဖြင့် အနာဂတ်တွင် နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးနိုင်တဲ့ စံပြမိခင်များဖြစ်စေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေသော၊ ရောဂါကာကွယ်ကွယ်စေသော၊ အင်အားဖြစ်စေသော အစာအုပ်စုများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များ အာဟာရပြည်မီစေရေး၊ ကိုယ်ခန္ဓာ သန်စွမ်းစေရေးအတွက် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် စံပြမိခင်နှင့် အသက်မွေးစမှ ၆ လ၊ ၆ လမှ ၁ နှစ်၊ ၁ နှစ်မှ ၂ နှစ်အထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသော ကလေးငယ်များနှင့် မိခင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ "အာဟာရတွင်မြှုပ်နှံကာ လက်တွဲကူညီဆောင်ရွက်ပါ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာ" ဆောင်ပုဒ်နှင့်အညီ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


