မယ်စဲ့ ၂၉ ဒီဇင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု/ ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မန်နံနက် ၁၀ နာရီခွဲက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းရွှေတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေ ကျပ် ၅၀၆.၅၉ သန်းဖြင့် ဖားဆောင်း- မယ်ဆည်နမ်- မယ်စဲ့- နမ့်မန်း- ဘီပီ (၁၃)လမ်း အရှည် နှစ်မိုင် ၄ ဖာလုံကို ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ကျောက်ရောမြေလမ်းပုခုံး တစ်ဖက်လျှင် ၄ ပေအကျယ် နှစ်ဖက်ခင်းကြိတ်၍ ရေမြောင်းတစ်ဖက်တူးခြင်းလုပ်ငန်းတို့ကို မာဃလုလင်ကုမ္ပဏီ၊ ဒီမောတောကုမ္ပဏီ၊ မြို့နယ်လမ်းဦးစီးဌာနတို့မှ Lot အလိုက် ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို လည်းကောင်း၊ မိုင်တိုင် ၃၃/၄ မှ ၃၆/၀ အတွင်း မျက်ကွယ်ကုန်း(၁၃)ခု ဖြတ်ခြင်းနှင့် နိမ့်သောနေရာများ မြေဖို့ခြင်းလုပ်ငန်း၊ မိုင်တိုင် ၃၃/၄ မှ ၃၅/၀ အတွင်း ကျောက်စီမြေကာနံရံ ၄၂၅ ပေ တည်ဆောက်ခြင်းလုပ်ငန်းနှင့် (၅×၅×၃၄)ပေ ကျောက်စီကမ်းကပ်ခုံ သံကူကွန်ကရစ်ကြမ်းခင်း ရေထုတ်ပြွန် သုံးစင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်နယ်ရန်ပုံငွေ ကျပ် ၁၂၃.၈၅၉ သန်းဖြင့် လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ရန်ပုံငွေ ကျပ် ၃၀၂.၅၆၃ သန်းဖြင့် မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄)လမ်း အရှည် နှစ်မိုင် ၄.၉၁ ဖာလုံကို ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းနှင့် မျက်ကွယ်ကုန်း/မျက်ကွယ်ကွေ့များ ဖြတ်ခြင်းလုပ်ငန်းကို မြတ်လင်းကုမ္ပဏီက လည်းကောင်း၊ ပြည်နယ်ရန်ပုံငွေ ကျပ် ၁၉.၄၂၄ သန်းဖြင့် ဟိုစဲ့တောင်တန်းသာသနာပြုထေရဝါဒ ဘုန်းတော်ကြီးကျောင်း အဝင်လမ်း အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သုဟန်စီကုမ္ပဏီက လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖနှင့်အဖွဲ့က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)