မယ်စဲ့ ၊ ၆ ဇန်နဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ လမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဝင်များက ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် အဖွဲ့သည် မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်းပေါ်တွင် ယာဉ်အန္တရာယ် ကင်းစေရန်အတွက် မြေသားတာပေါင်တည်ဆောက်၍ လမ်းကွေ့ဖြောင့်ခြင်းလုပ်ငန်း၊ ကွေ့ဖြောင့်သည့် အပိုင်းအား ကတ္တရာခင်းခြင်းလုပ်ငန်း၊ ယင်းလမ်းပေါ်ရှိ ကျောက်စီရေမြောင်း၊ ကျောက်စီမြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Box Culvert (၁၀)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို တင်ဒါအောင်မြင် သည့် ဘုန်းပြည့်မင်း၊ ကယားရွှေသံလွင်၊ ဘောလခဲထူး၊ အောင်ခင်သူ၊ ပြည်သာယာဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီများက Lot အလိုက် ဆောင်ရွက်လျက်ရှိရာ အရည်အသွေး ပြည့်မီကောင်းမွန်စေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)


