မယ်စဲ့ ၁၉ ဇွန်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများ၏ စိုက်ပျိုးသီးနှံ အထွက်နှုန်းများ ပိုမိုထွက်ရှိရေးအတွက် နည်ပညာပေးသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့နယ် မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းတို့က တောင်သူများအနေဖြင့် သင်တန်းမှပို့ချသော နည်းပညာများကို အသုံးချပြီး စိုက်ပျိုးသီးနှံ အထွက်ကောင်းများ ရရှိအောင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများကို ရွေးချယ်အသုံးပြုရန်၊ သီးနှံအထွက်နှုန်းတိုးရန်နှင့် သီးနှံအရည်အသွေးကောင်းရန် တောင်သူများ လိုက်နာရမည့် အခြေခံအချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းပို့ချခဲ့ရာ ဘောလခဲခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမော်သန်းက မြေဆီလွှာအကြောင်းနှင့် မြေအသုံးချမှုအကြောင်းအရာများ၊ မယ်စဲ့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်မှ ဓာတ်မြေဩဇာသုံးစွဲပုံ စနစ်နှင့် နှမ်းသီးနှံ အထွက်နှုန်း ကောင်းမွန်စေရန် လုပ်ဆောင်ရမည့် အချက်များအား ပို့ချခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူများ နည်းပညာပေးသင်တန်းပို့ချခြင်းကို ၃ ရက်ကြာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မယ်စဲ့မြို့မှ စိုက်ပျိုးတောင်သူဦးရေ ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


