မယ်စဲ့ ၊ ၂၈ ဒီဇင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၇ ရက်က နမ့်မန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် လူထုစီမံခန့်ခွဲမှုစနစ် အားကောင်းလာစေပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်၊ ကျေးလက်ဒေသများအတွက် ထိရောက်ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေသည့် အမှိုက်သိမ်းဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို မယ်စဲ့မြို့နယ်တွင် ပန်တိန်းကျေးရွာနှင့် နမ့်မန်းကျေးရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ နမ့်မန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် နမ့်မန်း-ဘီပီ(၁၃) လမ်းတစ်လျှောက်နှင့် ကျေးရွာတွင်းလမ်းများရှိ စွန့်ပစ်အမှိုက်များအား လိုက်လံကောက်ယူသိမ်းဆည်းပြီး ထွက်ရှိလာသော အမှိုက်များကို သတ်မှတ်ထားသည့် ကျေးရွာစွန့်ပစ်အမှိုက်ကျင်းသို့ စနစ်တကျ သွားရောက်စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


