မယ်စဲ့ ၁၁ ဧပြီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အစီအစဉ်အရ ငွေကျပ် သိန်း ၁၀ဝ ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာတစ်ရွာ ရွေးချယ်ခြင်းကို ဧပြီ၁၀ရက် မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရွေးချယ်ရာတွင် ကျေးရွာအတွက် အဓိကလိုအပ်ချက်များကို စဉ်းစားပြီး အမှန်တကယ်လိုအပ်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိစစ်၍ သိန်း ၁၀ဝ နှင့် ကိုက်ညီမည့်လုပ်ငန်းများကို ရွေးချယ်ကာ ဌာနနှင့်ပေါင်းစပ်ညှိနှိုင်းပြီး တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
“မယ်စဲ့မြို့နယ်အနေနဲ့ လက်ရှိဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သိန်း ၁၀ဝ နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကျေးရွာ တစ်ရွာရွေးချယ်တဲ့အခါမှာ တစ်ဦးချင်းရဲ့ဆန္ဒတွေကို ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ အဲဒီထဲကမှ အတည်ပြု ရွေးချယ်ခံရတဲ့ ကျေးရွာအနေနဲ့ ရရှိတဲ့စီမံကိန်းငွေနဲ့ သတ်မှတ်ကာလအတွင်းမှာ အမှန်ကန်ဆုံးနဲ့ အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာများတွင် လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တင်ပြကြရာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


