မယ်စဲ့ ၁၉ ဇွန်
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်နေသည့် ပူးပေါင်း စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားစရိတ်ငွေများကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နမ့်မန်းစစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စစ်ဆေးရေးဂိတ်နှစ်ဂိတ်တွင် တာဝန်ကျနေသည့် ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဂိတ်လျှင် ရက် ၃၀ စာ စားစရိတ်ငွေ ကျပ် ၄၅၅၀၇၀ ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက သွားရောက်ထောက်ပံ့ခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် အဖွဲ့သည် ပန်တိန်းတိုက်နယ်ဆေးရုံ ဝန်ထမ်းအမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်စဲ့ကုန်သွယ်ရေးစခန်း ယာဉ်ငယ်စစ်ဆေးရေးဂိတ် တည်ဆောက်ရေး လုပ်ငန်းနှင့် နမ့်မန်းကျေးရွာ ဘောလုံးကွင်း မြေနေရာ ပြုပြင်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


